ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု အဖွဲ့

တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်
တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်းမှ လှူဒါန်းသော စာသင်ကျောင်း နှင့် ဆေးခန်း ဆောက်လုပ်ရေး အတွက် ဒေသခံ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် တာဝန်ရှိသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောကြားသည်။

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ လှူဒါန်းသော ကျောက်ဖြူ မြို့ပေါ် အလက ကျောင်းဆောင်။

” အခု ကျွန်တော်တို့ကို လာတိုင်တဲ့ ရွာသားတွေက ခြုံစွယ်ကျေးရွာ အုပ်စုက ဖြစ်ပါတယ်။ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကနေ လှူဒါန်းတဲ့ မူလွန် စာသင်ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး ငွေကောက်ခံနေတာကြောင့် ရွာသားတွေ အခက်အခဲ ဖြစ်နေလို့ သူတို့က လာတိုင်ထားပါတယ်” ဟု သူက ပြောသည်။

ခြုံစွယ် ကျေးရွာတွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော မူလွန်ကျောင်းဆောင် တစ်ခုနှင့် ဆေးခန်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ကျောင်းနှင့် ဆေးခန်း ဖြစ်မြောက်ရေး အတွက် ( ၇) ဦးပါ ကျေးရွာ ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုကော်မီတီ အဖွဲ့ထဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းထိုင်ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။

” သူတို့က ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး အိမ်တစ်အိမ်ကို ၅၀၀၀ ကျပ်ကောက်ပါတယ်။ ဆင်းရဲသားနဲ့ မုဆိုးမ အိမ်ဆိုရင် တစ်အိမ်ထောင်ကို ၃၀၀၀ ကောက်ပါတယ်။ မပေးလို့ မရပါဘူး။ မပေးရင် ဒီကျေးရွာ အုပ်စုက ထွက်သွားကြဆိုပြီး ပြောပါတယ်” ဟု အမည်မဖေါ်လိုသူ ခြုံစွယ် ရွာသား တစ်ဦးက ပြောသည်။

မူလွန်စာသင်ကျောင်းနှင့် ဆေးခန်းမှာ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းထားသဖြင့် အဆိုပါ ငွေများအား မည်သည့် အတွက် ကောက်ခံရပါသနည်း မေးမြန်းရာ အဆိုပါ အဆောက်အအုံများ အတွက် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ငွေနှင့် မလုံလောက်၍ ကောက်ခံခြင်း ဖြစ်ကြောင်း အဆိုပါ (၇) ဦးအဖွဲ့မှ ပြောကြားကြောင်း ရွာသားက ပြောသည်။

ခြုံစွယ် ကျေးရွာအုပ်စုမှာ ကျောက်ဖြူမြို့နယ် အမှတ် (၇) နယ် မြို့ချောင်းကျွန်းတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော် ၅၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

” ရွာက ရွာကြီး တစ်ရွာပါ။ ခုလို ငွေကောက်တာက ဒီတစ်ကြိမ် မဟုတ်ဘူးလို့ သိရတယ်ဗျာ။ သိပ်မကြာခင်ကလည်း အုတ်ဖုတ်ဖို့ဆိုပြီး တစ်အိမ်ထောင်ကို ၂၅၀၀ ကျပ် ကောက်တယ်လို့ သိရပါတယ်။ ခုလို ခဏ ခဏ ငွေကောက်ခံနေတဲ့ အတွက် မခံမရပ်နိုင်ဖြစ်ပြီး ရွာသားတွေက ကျွန်တော်တို့ ပါတီနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ဆီကို တစ်နေ့ကဘဲ လာတိုင်တယ်။ ဒါနဲ့ ဦးဘရှင်လည်း အဲဒီဒေသကို စစ်ဆေးဖို့ လိုက်ပါသွားပါတယ်” ဟု ဦးသန္တာမောင်က ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်အား အသေးစိတ် သိရှိနိုင်ရန် ဖုံးမှ တဆင့် အကြိမ် ကြိမ် ဆက်သွယ်သော်လည်း သူ၏ ဖုံးမှာ ပိတ်ထားကြောင်း ဖုံးအော်ပရေတာမှ အကြောင်းပြန်ကြားသည်။

ခြုံစွယ် ကျေးရွာတွင် တည်ဆောက်နေသော ဆေးခန်းနှင့် စာသင်ကျောင်းကို ဇေယျာအောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေပြီး အဆိုပါ (၇) ဦးပါ ကော်မီတီ အဖွဲ့အားလည်း အဆိုပါ ကုမ္ပဏီနှင့် နားလည်မူ လုပ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ရွာသားက ပြောသည်။ အဆိုပါ အဖွဲ့တွင် ပါဝင်သော ကျောင်းထိုင် ဆရာတော်မှာ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံသူ တစ်ဦး ဖြစ်ပြီး ရွာသား အများစုက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ၂၀၁၀ ရွှေးကောက်ပွဲတုန်းက မဲထည့်ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြောင်း ရွာသားက ဆိုသည်။

” ကျောင်းထိုင်ဆရာတော်ပါ အဲဒီ အဖွဲ့မှာ ပါနေတော့ တော်တော့ကို ပြောရ ဆိုရ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ အခုလို မတော်မတရား ကောက်ခံနေတော့ ကျွန်တော်တို့လည်း မခံနိုင်ဘူး။ ဒီတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တိုင်ကြားထားလိုက်ပါပြီ။ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ များမကြာခင် သိရမှာပါ” ဟု ရွာသားက ပြောသည်။

ကျောင်းနှင့် ဆေးခန်းကို ဆောက်လုပ်နေရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီက မကောင်းသော အုတ်များ၊ အညံ့စား သစ်များနှင့် ထည့်သွင်း ဆောက်လုပ်နေသကဲ့သို့ တဘက်တွင်လည်း ဆောက်လုပ်နေသော ကျောင်းနှင့် ဆေးခန်းရှေ့တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းပါသည် ဆိုသော စာလုံးကြီးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို ထောင်ထားပါလျှက် ရွာသားများထံမှ ပိုက်ဆံကောက်နေသဖြင့် ကျေးရွာသားများမှာ ၎င်းလုပ်ရပ်များ အပေါ် အထူးမခံမရပ်နိုင် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ

စိုးရိမ်လို့ ပြောပါသည်
စိုးရိမ်လို့ ပြောပါသည်ခိုင်နှင်းဖြူ

မေ ၁၅၊ ၂၀၀၂

http://moemaka.com/2012/05/23412/

• ရွှေဂက်စ်နဲ့ အစရှိသဖြင့် မြန်မာ့ဓာတ်ငွေပိုက်လိုင်းနဲ့လုပ်ငန်းများ (Safety & Health)

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဟူသောခေါင်းစဉ်ဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတွင် ဟောပြောပွဲတခု ကို မေလ ၄ ရက်နေ့၌ကျင်းပ မည်ဟု ဖေ့စ်ဘွတ်တွင်တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသောကြောင့် ထိုပွဲကို တက်ရောက် နားထောင်ဖြစ်ခဲ့ပါ သည်။ ကျွန်မတို့မသိသေးသေ အကြောင်းအရာသစ်ဖြစ်သည့်ပြင် ဟောပြောသွားသည်များမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဟောပြောသွားသည်များထဲမှ ကျွန်မစိတ်အ၀င်စားဆုံးမှာ အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့တွင်ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူပေါင်းများစွာ သေကြေပျက်စီးမှုနှင့် တဆက်တည်းပြခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ကူမင်မြို့သို့သွယ်တန်းသည့် ဓာတ်ငွေ့ပိုက်လိုင်းအကြောင်း ဖြစ်ပါသည်။

အောက်ပါတို့မှာ သူပြခဲ့သော ထိုစီမံကိန်းမှဓါတ်ပုံအချို့ဖြစ်ပါသည်။

• အသက်ဘေး သဘာဝဘေး စိုးရိမ်ဖွယ် ပိုက်သွယ်တန်းမှုများ

ဟောပြောသူက ၎င်းသည် ပိုက်အင်ဂျင်နီယာအဖြစ် ဆယ့်လေးနှစ်လုပ်ခဲ့ဖူးသူဖြစ်၍ ဤဓာတ်ပုံများကို ကြည့်ခါမျှဖြင့် ပိုက်လိုင်း သွယ်တန်း ထားမှုမှာ အလွန်စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း၊ ပိုက်လိုင်းဟူသည် မသွယ်တန်းမီကပင် ပိုက်အထိုင်များကို သေချာကျနစွာလုပ် ထားရကြောင်း၊ ပိုက်အထိုင်မကောင်းပါက ပိုက်အဆက်များအပေါ် အားသက်ရောက်မှုများရှိကာ နှစ်ကြာလာလျှင် ပိုက်အဆက်များ အက် ခြင်း၊ ကွဲခြင်းများဖြစ်နိုင်ကြောင်း၊ ထိုအခါ ထိုနေရာများမှ ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်နိုင်ကြောင်း၊ ဓာတ်ငွေ့ယိုစိမ့်နေသည့် အနီးတ၀ိုက်တွင် မီးပွားတခုခုကျခဲ့ပါက ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲကာ အနီးအနားမှ မြန်မာပြည်သူအများအပြား သေကြေပျက်စီးနိုင်သည့် အန္တရာယ်ရှိ နိုင်ပါကြောင်း၊ ပိုက်လိုင်းမှာ မြန်မာနိုင်ငံဒေသတော်တော်များများကို ဖြတ်သန်းသွားမည်ဖြစ်ရာ မြို့၊ ရွာ၊ လမ်းများကို ဖြတ်သန်းသွားမည်မှာ မလွဲ။ ထို့ကြောင့် ပိုက်လိုင်းဖြတ်သန်းသွားရာတလျှောက်မှ မြို့၊ ရွာနေပြည်သူများသည် မိုင်းဗုံးဘေးတွင် နေနေကြရသည်နှင့်တူကြောင်း။

ထို့ပြင် ပိုက်လိုင်းအဆက်များကောင်းမကောင်း စစ်ဆေးသည့်စနစ်ရှိပါသလား၊ မည်သူတို့သည် ပိုက်လိုင်းအရည်အသွေးကို တာဝန်ယူ စစ်ဆေးပါသနည်း။ ဤပိုက်လိုင်း လုံခြုံစိတ်ချရမှုကို မည်ကဲ့သို့ အာမခံထားပါသနည်း။ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် ခုတ်ထွင်ရှင်းလိုက်ရသော သစ်ပင်တောတောင်များအတွက် မည်ကဲ့သို့စီမံထားပါသနည်း။ ဤပိုက်လိုင်းသည် မြန်မာနိုင်ငံအတွင်းတွင်ရှိနေ သည့်အတွက် ပိုက်လိုင်းစီမံချက်တွင် မြန်မာနိုင်ငံသား မည်မျှခန့်ထားပါသနည်း။ ထိုမြန်မာနိုင်ငံသားများထဲတွင် တတ်ကျွမ်းနားလည်သော ကျူစီ (အရည်အသွေးစစ်ဆေးရေးအရာရှိ)၊ ပိုက်လိုင်းအင်ဂျင်နီယာတို့ ပါပါသလားဟု မေးခွန်းထုတ်သွားပါသည်။

ဟောပြောပွဲအပြီး ပြန်လှန်ဆွေးနွေးခန်းတွင် အရာရှိတဦးထလာကာ ၎င်းတို့အနေနှင့် ထိုဓာတ်ငွေ့ပိုက်လိုင်းအတွက် မည်ကဲ့သို့သောအရည် အသွေး စစ်ဆေးမှုများပြုလုပ်ထားကြောင်း၊ ကုန်းပေါ်ပိုက်လိုင်းတွင်သာမက ကမ်းလွန်ပိုက်လိုင်းများကိုပါ စနစ်တကျ စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ပါကြောင်း ပြန်လည်ရှင်းလင်းပါသည်။

ထိုအခါ လာရောက်နားထောင်သူများထဲမှ အင်ဂျင်နီယာဟုယူဆရသူတစ်ဦးက သူ့အနေနှင့် ထိုဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်း သည့်နေရာသို့ သွားကာ ပိုက်လိုင်းဆင်နေသူများနှင့် စကားစနေပြောဖူးပါကြောင်း၊ သူက ပိုက်လိုင်းအား ဂဟေဆက်ရာတွင် မည်သည့်စံနှုန်းကို ကိုင်ကာ ဆက်ပါသနည်းဟုမေးသောအခါ ပြန်မဖြေနိုင်ကြောင်း၊ ထို့ပြင် Welding Procedure Specification ကို သိပါသလား၊ သည်အဆက်ကို ဂ ဟေဆော်သည့် WPS ကိုသိပါရစေဟု မေးသောအခါတွင်လည်း WPS ဟူသည် ဘာဆိုသည်ကိုပင် နားမလည်ကြောင်း၊ ထို့ကြောင့် ထိုပိုက် လိုင်းကိုဆင်နေသူများမှာ တတ်သိနားလည်သူ၊ ကျွမ်းကျင်သူများဖြစ်သည်ဆိုခြင်းကို ယုံကြည်ရန် အလွန်ခက်ပါကြောင်းများဖြင့် ပြန်လည် ဖြေကြားသွားပါသည်။

• လုပ်ငန်းခွင်ဗဟုသုတနှင့် လူထု၏ ဗဟုသုတကွက်လပ်ကြီး

ကျွန်မသည် ရေနံပိုက်လိုင်းတွင် ကျူစီအဖြစ် နှစ်အတန်ကြာလုပ်ခဲ့ဖူးသဖြင့် ပိုက်လိုင်းများအကြောင်း အင်ဂျင်နီယာများလောက် မတတ် ကျွမ်းသော်လည်း ပိုက်လိုင်းတစ်ခု၏အရည်အသွေးကို မည်ကဲ့သို့စစ်ဆေးရသည်၊ မည်သည့်စံနှုန်းများအရ မည်သည်တို့ပြုလုပ်ရန် လိုသည် ဆိုသည်များကိုမူ သေသေချာချာသိပါသည်။

ပိုက်လိုင်းတစ်ခု ဆင်တော့မည်ဆိုလျှင် ထိုပိုက်လိုင်းပြေးမည့်ပုံများ (Schematic Diagram, Piping and Instrument Diagram, Flow Diagram, General Arrangement Drawing, Isometric Drawing အစရှိသည်)။ ပိုက်လိုင်းတွင်တပ်ဆင်ရမည့်ကိရိယာများနှင့်တကွ ပိုက်လိုင်း၏ အတွင်းအပြင်ဖိအား၊ အပူချိန်အစရှိသည်တို့ကို ဦးစွာတင်ပြရပါသည်။ ထို့အပြင် ထိုပိုက်လိုင်းအကြောင်း အပြည့်အစုံဖော်ပြ ထားသည့် ပိုက်လိုင်းတပ်ဆင်နည်းလက်စွဲ (Piping Procedure Specification) ကိုလည်း ရေးဆွဲတင်ပြရပါသည်။ ထိုလက်စွဲစာအုပ်တွင် ပိုက်လိုင်း၌တပ်ဆင်မည့် ပိုက်၊ ပိုက်ဆက်ပစ္စည်း၊ ဗား၊ ပိုက်အထိုင်၊ ကိရိယာများ၏အရည်အသွေးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ ပိုက် ကိုမည်ကဲ့သို့ ဆင်ရမည်။ မည်ကဲ့သို့သောပိုက်အထိုင်များဆင်ရမည်။ မည်သည့်ဆေးကို မည်ကဲ့သို့သုတ်ရမည်။ ပိုက်လိုင်းကို မည်ကဲ့သို့ စမ်းသပ်ရမည်။ ပိုက်နှင့်ပိုက်ကိုသော်လည်းကောင်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကိုသော်လည်းကောင်း ဂဟေဆော်လျှင် မည်သည့်စံနှုန်း များနှင့် ဆော်ရမည်။ ဂဟေဆော်သူသည် မည်သည့်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည် အစရှိသဖြင့် အသေးစိတ်ဖော်ပြထား၏။

ရာသီဥတုဒဏ်ကြောင့်သော်လည်းကောင်း၊ မြေငလျင်ဒဏ်ကြောင့်သော်လည်းကောင်း၊ ပိုက်အတွင်းရှိ ဖိအားကြောင့်သော်လည်းကောင်း ပိုက်လိုင်းသည် အလျားလိုက်သော်လည်းကောင်း၊ ဘေးတိုက်သော်လည်းကောင်း ရွေ့နိုင်ပါသည်။ ထို့ကြောင့် ပိုက်လိုင်း ရွေ့လျားမှုကိုထိန်း ရန် ပိုက်အထိုင်တစ်ခုနှင့်တစ်ခု မည်မျှကွာရမည်၊ မည်သည့်နေရာများတွင် ပိုက်အထိန်း (pipe guides) များထည့်ရမည်၊ မည်သည့်နေရာများ တွင် ပိုက်လိုင်းအချုပ် (anchor points) များထည့်ရမည် စသည်ဖြင့် သေသေချာချာ ဒီဇိုင်းဆွဲရပါသည်။ ဤသို့ ဒီဇိုင်းဆွဲခြင်းကို Stress Analysis ဟုခေါ်ပြီး ကွန်ပြူတာပရိုဂရမ်အားဖြင့် Caesar II Program ကို သုံးကြပါသည်။

ပိုက်များမချမီကတည်းက ပိုက်အထိုင်များကို သေသေချာချာဆင်ထားရပါသည်။ ပိုက်များကို ဂဟေဆော်ပြီးနောက် ဂဟေဆက်များတွင် အားမသက်ရောက်စေရန် ပိုက်လိုင်းအား လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ထားရပါသည်။ ထိုဓါတ်ပုံများအရ ပိုက်လိုင်းမှာ ဂဟေဆက်ပြီး သွားပြီဖြစ်ပါသည်။ မျက်မြင်အရပြောရသော် ထိုပိုက်လိုင်းကို မြေသားအထိုင် (bedding) ပေါ်တင်ထားပါသည်။ ထို့ကြောင့် ပိုက်အထိုင် ထပ်မံမလုပ်တော့ဘဲ ထိုမြေသားအထိုင်များသည်ပင်လျှင် အသေဖြစ်ဖို့များပါသည်။ ဤတွင် ထိုပိုက်လိုင်းအထိုင်များမှာ သေသေချာချာ ဒီဇိုင်းဆွဲ၊ တွက်ချက်ထားတာလားဆိုတာ သံသယရှိစရာဖြစ်ပါသည်။ ဤကဲ့သို့သော ဓာတ်ငွေ့ပိုက်လိုင်းတွင် ပိုက်လိုင်းအထိုင် အလွန်အရေး ကြီးပါသည်။ မဟုတ်ပါက ပိုက်အဆက်များအတွက် အလွန်အန္တရာယ်ကြီးပါသည်။ ထို့အတူ ပိုက်လိုင်းအနီးနေထိုင်သူများအတွက်လည်း အန္တရာယ်များပါသည်။

• မိမိနိုင်ငံအတွက်လား … သူတပါးနိုင်ငံအတွက်လား

ဟောပြောသူ နောက်တချက်ထောက်ပြသွားသည်မှာ ပိုက်လိုင်းအတွက် ခန့်ထားသည့်ဝန်ထမ်းအင်အား ဖြစ်ပါသည်။ ထိုပိုက်လိုင်းတွင် သိရသလောက် မြန်မာလူမျိုးကို မခန့်သလောက်ဖြစ်ပြီး အလုပ်လုပ်နေသူအများစုမှာ နိုင်ငံခြားသားများချည်းဖြစ်သည်။ အမှန်ဆိုရလျှင် မြန် မာနိုင်ငံအတွင်း၌လုပ်နေသည့်စီမံကိန်းဖြစ်သဖြင့် မြန်မာလူမျိုးများကို ဦးစားပေးခန့်ထားရမည်။ နိုင်ငံခြားသားများခန့်လိုလျှင် မြန်မာလူမျိုး မည်မျှရှိမှ နိုင်ငံခြားသားမည်မျှခန့်ထားနိုင်သည်ကို သတ်မှတ်ထားသင့်ပါသည်။ စင်ကာပူတွင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းကို Foreing Workers Employment Act ဟူသည့်ဥပဒေဖြင့် ပြဌာန်းထိန်းချုပ်ထားသည်ဟု ဆိုပါသည်။ သို့သော် သူက မြန်မာနိုင်ငံမှ အလုပ် သမားများနှင့်ပတ်သက်သည့်ဥပဒေများကိုလေ့လာကြည့်ရာ ထိုဥပဒေမျိုးမတွေ့ဖူးသေးပါ။ နိုင်ငံခြားသားများအား အလုပ်ခန့်ထားရေးအ တွက် ထိုဥပဒေမျိုးကို အလျင်အမြန်ရေးဆွဲပြဌာန်းသင့်ပေသည်ဟုလည်း ထောက်ပြသွားပါသည်။

သူပြောသည်မှာ မှန်ပါသည်။ မကြာမီ နိုင်ငံခြားကုမ္ပဏီအများအပြား မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ရာ မည်ကဲ့ သို့သောသူများအား မည်သည့်အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးမည်နည်း။ ထိုသူများ၏အရည်အချင်းနှင့် ဘာသာစကား ကန့်သတ် ချက်၊ ကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း စသည်တို့ကို ယခုကတည်းက ဥပဒေရေး ဆွဲထားသင့်ပါသည်။ ဥပဒေရှိပြီးဖြစ်လျှင်လည်း အများပြည်သူသိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးထုတ်ပြန်သင့်ပါသည်။ သို့မှ လိုအပ် သည်များကို ထောက်ပြပြင်ဆင်နိုင်ပါမည်။ ထို့ပြင် လက်တွေ့ဆောင်ရွက်ရာတွင် ဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်ရန်လည်း အ ရေးကြီးပါသည်။

• ပြည်သူတွေ ဆွေစဉ်မျိုးဆက် စတေးခံကြရဦးမှာလား

ဤတွင် သာမန်ပြည်သူတဦးအနေနှင့် ကျွန်မတွေးမိသည်ကို တင်ပြပါမည်။ မည်သည့်လုပ်ငန်းမျိုးမဆို အများပြည်သူ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ပထမဦးစားပေးအနေနှင့် စဉ်းစားသင့်သည်ဟု ထင်မြင်မိပါသည်။ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းပင် ဖြစ်သော်ငြားလည်း ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသောလုပ်ငန်းဖြစ်ပါက၊ သို့မဟုတ် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မည့် လုပ်ငန်းများဖြစ်ပါက တာဝန်ရှိသူများအနေနှင့် အလေးအနက်ထားဆုံးဖြတ်သင့်ပါသည်။ လုပ်မည်ဆိုလျှင်ပင် စိတ်ချရသည့်အခြေအနေ တခုရောက်အောင် ကျွမ်းကျင်သူပညာရှင်များနှင့်တိုင်ပင်ကာ အစီအမံများကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုပါသည်။

ထိုပိုက်လိုင်းသာမက မည်သည့်လုပ်ငန်းမဆို လုပ်ငန်းတစ်ခုစတော့မည်ဆိုသည်နှင့် ထိုလုပ်ငန်းအတွက် အရေးကြီးသော စာရွက်စာတမ်းများ ကို ဦးစွာတင်ပြရန်လိုပါသည်။ ထိုလုပ်ငန်းတွင်သုံးမည့်ပစ္စည်းများ၏ အရည်အသွေးကို အာမခံထားသောလက်မှတ်များ၊ ထိုလုပ်ငန်းကို အ ကောင်အထည်ဖော်မည့်လုပ်ငန်းအစီအစဉ်များ၊ ထိုလုပ်ငန်း၌ ပါဝင်လုပ်ကိုင်မည့် လုပ်သား၊ အင်ဂျင်နီယာ၊ အရာရှိများ၏ ကျွမ်းကျင်မှု လက်မှတ်များ၊ လုပ်သားများ၏ကျွမ်းကျင်မှုကို ထောက်ခံထားသော စာရွက်စာတမ်းများ၊ လိုအပ်သောစစ်ဆေးမှုဆိုင်ရာ အစီအမံများ စ သည်ဖြင့် ပြည့်စုံစွာတင်ပြပြီး အစိုးရ၊ သို့မဟုတ် ပိုင်ရှင်ကကျေနပ်မှ လုပ်ငန်းစတင်ရပါမည်။

ကျွန်မတို့ ပြည်သူပြည်သားများမှာ ပညာရှင်များမဟုတ်သည့်အတွက် ဤအကြောင်းများကို ဂဃနဏသိရန် မလွယ်ပါ။ အကယ်၍ တစ်စုံ တစ်ခုဖြစ်လာခဲ့လျှင် ခါးစည်းခံကြရမည်သာ ဖြစ်ပါသည်။ ဤပိုက်လိုင်းသည် မည်သည့်ပိုက်လိုင်းဖြစ်သည်။ မည်ကဲ့သို့သော အန္တရာယ်များ ရှိသည်ကို မသိနိုင်ပါသဖြင့် ပိုက်လိုင်းအနီးအနားတွင် ဆေးလိပ်သောက်မိမည်။ မီးဖိုချင်လျှင်ပင် ဖိုမိမည် ဖြစ်ပါသည်။ အကယ်၍သာ ပိုက် လိုင်းမှ ဓာတ်ငွေ့များယိုစိမ့်နေပါက ဖြစ်ပေါ်လာမည့် အန္တရာယ်မှာ မတွေးဝံ့စရာပါ။

ကျွန်မတို့မြန်မာနိုင်ငံတွင် သန်း ၆၀ မျှသောနိုင်ငံသားများ မှီတင်းနေထိုင်ကြပါသည်။ နိုင်ငံသာယာဝပြောရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး တို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။ နိုင်ငံအေးချမ်းသာယာဝပြောလျှင် ပြည်သူအများလည်း သာယာအေးချမ်းစွာ နေနိုင်ကြမည်။ ပြည်သူများ၏ ပြဿနာသည် နိုင်ငံ့ပြဿနာဖြစ်သကဲ့သို့ နိုင်ငံ့အရေးသည်လည်း ပြည်သူတို့အရေး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း အမြင်မတော်တာများရှိပါက ပြည်သူများအနေနှင့် ၀ိုင်းဝန်းထောက်ပြ၊ ပြင်ဆင်ကြဖို့ တာဝန်ရှိပါသည်။ (See Something, Say Something) ဤသို့ထောက်ပြခြင်းမှာ အပျက်ဘက်၊ အဆိုးဘက်မှ မကောင်းမြင်ခြင်းမဟုတ်ဘဲ မဖြစ်သင့်သည်များ မဖြစ်အောင် အချိန်မီ အရေး ယူ၊ ပြင်ဆင်နိုင်ရေးအတွက် သတိပေးခြင်းမျှဖြစ်သည်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် အမြင်ရှင်းရန်လိုပါသည်။

သို့ဖြစ်ပါသောကြောင့် တာဝန်ရှိသူများအနေနှင့် ဤကိစ္စများအပေါ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြပါရန် အများပြည်သူတို့ကိုယ်စား မေတ္တာရပ်ခံလိုက်ရပါသည်ရှင့်။

Moemaka

ပိုက်လိုင်းသွယ်တန်းမှုကြောင့် နမ့်ခမ်းလယ်မြေများ ရေမရ မြေခမ်းခြောက်အက်ကွဲ
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ချောင်းရေ ပိတ်ကာ လယ်မြေများ ရေခန်းခြောက်ပြီး အက်ကွဲကုန်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

“ဒီနှစ်ရာသီဥတုကမမှန်။ ပူကလဲပူ။ ချောင်းရေလဲမရ။ လယ်မြေတွေလဲ ရေခန်းလို့ အက်ကွဲကုန်ပြီ။ စပါးပင်တွေလည်း ရှင်မလား၊ သေမလား မသိဘူး။ ဒီတသီးတော့ အရှုံးပေါ်မှာဘဲ။ ဒုက္ခတော့ ရောက်ပြီ” ဟု နမ့်ခမ်းလယ်သမားတစ်ဦးက ပြောသည်။နမ့်ခမ်းမြို့၌ လယ်မြေများကြား ပိုက်လိုင်းသွယ်တန်းရာတွင် လယ်သမားများ အားထားနေရသော ရေချောင်းအား ပိတ်ဆို့ထားသည့်အတွက် ချောင်းအထက်ပိုင်း၌ ရေများပြီး ချောင်းအောက်ပိုင်း၌ ရေ ခမ်းခြောက်ကြောင်း၊ ထို့ကြောင့်  လယ်မြေများ  အက်ကွဲကုန်ကြောင်း ဆို၏။“ချောင်းရေမရရင်လည်း မိုးရွာရင် တော်သေးတယ်။

အခုတော့ မိုးလဲမရွာ။ ပူလဲပိုပူလာတယ်။ နမ့်ခမ်း ဘေးပတ်လည်က တောင်ပေါ်တွေမှာ သစ်တောတွေ ပြုန်းတီးကုန်လို့ဘဲ ဖြစ်မယ်။ သစ်တောသစ်ပင် မရှိတော့ မိုးလဲမရွာ၊ ရွာသီဥတုဖောက်ပြန်တာပေါ့။ သစ်တွေခုတ်ပြီး တရုတ်ဘက်ကို သယ်သွားနေကြ တယ်” ဟု လယ်သမားအချို့က ပြောပါသည်။နမ့်ခမ်းမြို့၌ သစ်တောပြုန်းတီးကာ မိုးမရွာသော်လည်း ရွှေလီမြစ်သာ ခြားထားသည့် တရုတ်ဘက်ခြမ်း နောင်တောင်း-ရွှေလီ၌ သစ်တောများ စိမ်းလန်း၍ မိုးကြီးနေကြောင်း တရုတ်ဘက်ခြမ်းသို့ ဈေးသွား ရောင်းသည့် ဈေးသည်တစ်ဦးက ပြောပါသည်။

သျှမ်းသံတော်ဆင့်

ရွှေဂတ်စ်မှ ရရှိမယ့် အကျိုးရလဒ်များ
ရွှေဂတ်စ်မှ ရရှိမယ့် အကျိုးရလဒ်များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံရဲ့  အနောက်ဖက်ခြမ်း ရွှေသဘာဝဓါတ်ငွေ့တွင်းက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ ရောင်းချရငွေတွေကို ပြည်နယ်နဲ့ဒေသ ဖွံ့ဖြိုးမှုအတွက် အဓိကအသုံးပြုဖို့ဆိုတဲ့ စီမံကိန်းတွေကို လုပ်ဆောင်ထားတာကို မတွေ့ရှိရသေးကြောင်း။ ဒီလို စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် ပိုပြီးပွင့်လင်းမြင်သာတဲ့ တင်ပြမှုတွေ တိုင်ပင်နှီးနှောမှုတွေ လုပ်သင့်ကြောင်း နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကြီးတွေဆီကို တင်ပြပြောဆိုခဲ့တယ်လို့ Shwe Gas Movement – ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့  တာဝန်ခံတဦးဖြစ်သူ ဦးဝင်းအောင် ကို ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြပါတယ်။

ဦးသန်လွင်ထွန်း ။ ။ ဦးဝင်းအောင်အနေနဲ့ အခု ထိုင်းနိုင်ငံ ချင်းမိုင်မှာအခြေစိုက်နေပြီး အခု လောလောဆယ် ဝါရှင်တန်မြို့ တော်ကို ရောက်နေတဲ့အကြောင်းလေးကို တချက်လောက် ရှင်းပြပါလား။

ဦးဝင်းအောင် ။ ။ အခု ကျနော် ဝါရှင်တန်ဒီစီကို လာရတဲ့အကြောင်းရင်းကတော့ ဒီမှာလုပ်တဲ့ အစည်းအဝေးတွေတချို့ မှာ အထူးသဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် ကမ္ဘာ့ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူုတို့အနေနဲ့ လှုပ်ရှားမှုတွေနဲ့ ရှေ့ ဆက်ပြီး လုပ်ဆောင်မယ့်ဟာတွေကို သူတို့ပြောတာဆိုတာရှိတယ်။ အဲဒီအပေါ်မှာ ရှောင်ရမယ့်ဟာတွေနဲ့ လောလောဆယ်ဖြစ်နေတဲ့ဟာတွေကို ကျနော်တို့ လာရောက်တင်ပြတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီမိုကရေစီရေး ရှေ့ ရှုတဲ့လုပ်ငန်းစဉ်တွေအပေါ် မူတည်ပြီးတော့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ်။ ထောက်ပံ့မှုတွေလုပ်လာမယ့် အနေအထားတွေရှိတယ်။ အဲဒီတော့ ဦးဝင်းအောင် တို့အဖွဲ့တွေကလည်း ဒီကိစ္စအပေါ်မှာ – ဗမာပြည်မှာ အလုပ်တွေလုပ်လာပြီဆိုရင် ဘာတွေဆောင်ရမယ်၊ ရှောင်ရမယ်ဆိုတာတွေကို လာပြီးအကြံပြုတယ်ဆိုတဲ့ သဘောပေါ့။

ဦးဝင်းအောင် ။ ။ ဟုတ်ကဲ့ပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဓိကအားဖြင့်တော့ ဦးဝင်းအောင်တို့အဖွဲ့က Shwe Gas Movement လို့ခေါ်တဲ့ ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်း၊ ရခိုင်ပြည်နယ်ဖက်မှာ အခြေစိုက်တဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားမှာ လှုပ်ရှားမှုလေးတွေကို အသိပညာပေးဆောင်ရွက်နေတဲ့အဖွဲ့ဆိုတော့။ အဲဒီ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ရွှေသဘာဝဓါတ်ငွေ့ ပြည်တွင်းမှာလုပ်နေတဲ့ လုပ်ငန်းအခြေအနေတွေ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို နည်းနည်းရှင်းပြပေးပါ။

ဦးဝင်းအောင် ။ ။ ကျနော်တို့ နိုင်ငံမှာ အကုန်လုံးသိတဲ့အတိုင်း တိုင်းပြည်ရဲ့  သံယံဇာတအများက အိမ်နီးချင်းနိုင်ငံတွေအပါအဝင် တော်တော်များများ တင်ပို့ရောင်းချနေတာကို တွေ့ရတယ်။ ရွှေသဘာဝဓါတ်ငွေ့ဆိုရင်လည်း ၂၀၀၀ ဝန်းကျင်ကတည်းက တောင်ကိုရီးယားကုမ္မဏီ နဲ့ အိန္ဒိယကုမ္မဏီတို့ စတင်ပြီးလုပ်လာခဲ့တာဖြစ်တယ်။ အတိုင်းအတာတခုအဖြစ် သူတို့တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ထုတ်လုပ်တင်ပို့ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာကို ကျနော်တို့တွေ့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့။ လာမယ့်နှစ် ၂၀၁၃ ဆိုရင် သူတို့အနေနဲ့ အဲဒီဟာတွေကို တင်သွင်းရောင်းချမယ်ဆိုတာကို ကျနော်တို့သိရတယ်။ အဲဒီ စီမံကိန်းတွေကို အကောင်အထည်ဖော်ကတည်းက ဒေသခံတွေအတွက် အင်မတန် စိုးရိမ်စရာတွေကို တွေ့ရတယ်။ အထူးသဖြင့်တော့ ဒေသခံတွေနဲ့ တိုင်ပင်တာမျိုးတွေမရှိသလို ဒေသခံတွေရဲ့  လယ်ယာမြေသိမ်းပိုက်မှုတွေကတော့ သူတို့ရဲ့  သက်မွေးဝမ်းကြောင်းတွေပါ ရေရှည်အတွက် ဆုံးသွားတဲ့အနေအထားကို အများကြီးတွေ့ရတယ်။ နောက်တခုက ဒီ စီမံကိန်းက အရှေ့ တောင်အာရှမှာ အကြီးမားဆုံး စီမံကိန်းတခုဖြစ်တယ်။ ကျနော်တို့နိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့  ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ~ မရှိခဲ့တဲ့အနေအထားတခုမှာတော့ ဒီလိုမျိုး ကိုယ့်တိုင်းပြည်ကထွက်တဲ့ သံယံဇာတပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစားတဲ့အနေအထားကို အင်မတန်ကို စိုးရိမ်တယ်။ နောက်တခုက ဒီလိုမျိုး ဒီမိုကရေစီကို ကျင့်သုံးနေတဲ့အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်သူတွေရဲ့  အဓိကအလေးထားရတဲ့ ကိုယ့်တိုင်းပြည်မှာ လိုအပ်တဲ့စွမ်းအင်တွေကို ဦးစားပေးသုံးပြီးမှ ကျန်တဲ့ဟာတွေကို တင်ပို့ရောင်းချတာမျိုးကို ဖြစ်သင့်တယ်လို့ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် နားလည်းလိုက်တဲ့အချက်က ဘာလဲဆိုတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ သဘာဝဓါတ်ငွေ့သိုက်ဆိုတာက ကမ္ဘာပေါ်မှာ ဆဌမမြောက် အကြီးဆုံးသဘာဝဓါတ်ငွေ့သိုက်လို့ ပြောကြပါတယ်။ ဒီလို သဘာဝဓါတ်သိုက်ကနေ သဘာဝဓါတ်ငွေ့တွေ ထုတ်ဖော်ပြီး နိုင်ငံရပ်ခြားကိုရောင်းဖို့။ နိုင်ငံရပ်ခြားကို ရောင်းဖို့ဆိုတဲ့နေရာမှာ ဒါက တိုင်းပြည်ရဲ့  ဝင်ငွေတွေဖြစ်မလာနိုင်ဘူးလား။ တိုင်းပြည်ရဲ့  ဝင်ငွေဖြစ်လာမယ်ဆိုရင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အလားအလာကောင်း မဟုတ်ဘူးလား။

ဦးဝင်းအောင် ။ ။ ဥပမာပြောရရင် ရတနာ ရဲတခွန်မှာထွက်တဲ့ သဘာဝဓါတ်ငွေ့၊ ထိုင်းနိုင်ငံကို ရောင်းလာခဲ့တာ သက်တမ်းတခုမှာ ၁၉၉၇-၉၈ ကတည်းက ပြီးခဲ့တဲ့နှစ်အထိ အမေရိကန်ဒေါ်လာပေါင်း သန်းထောင်ပေါင်းတစ်ဆယ်ကျော်လောက် အနည်းဆုံးလည်ပတ်ခဲ့တာကို တွေ့ရတယ်။ အဲဒီဟာရဲ့  တဝိုက်ကျော်ကလည်း ပြီးခဲ့တဲ့ နအဖစစ်အုပ်စုရဲ့  အိတ်ထဲကို တိုက်ရိုက်ရောက်တယ်လို့ ပြောလို့ရတယ်။ ဆိုတော့ အဲဒီကရတဲ့ အကျိုးအမြတ်တွေကို ကြည့်ရင် အကုန်လုံးသိတဲ့အတိုင်းပဲ အဲဒီဟာတွေဟာ တကယ့်တကယ် တိုင်းပြည်အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ တခြားဖွံ့ဖြိုးရေးလုပ်ငန်းပိုင်းတွေမှာ လုံးလုံးလျားလျားကြီးသုံးတာမျိုးတွေ မတွေ့ရသေးဘူး။ အဓိက ပြဿနာကတော့ ကျနော်တို့နိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ ငွေကြေးစနစ်တွေ မရှိတာတွေ။ နောက်တခုက ဒေသခံတွေ နဲ့ သဘာဝပတ်ဝန်းကျင်တွေကို အကာအကွယ်ပေးနိုင်တဲ့ အဲဒီလိုမျိုး ယန္တရားတွေ မရှိသေးတဲ့အနေအထားတခုက အင်မတန်ကို ပြီးခဲ့တဲ့ဟာတွေကလည်း ဆုံးရှုံးခဲ့တာမျိုးတွေရှိတယ်။ အခုအနေအထားမှာလည်း စံချိန်စံနှုန်းမရှိသေးတာကတော့ လောလောဆယ်လုပ်နေတဲ့ စီမံကိန်းတွေကတော့ ဒေသခံတွေအတွက် ထိထိရောက်ရောက် အာမခံချက်ပေးနိုင်တဲ့ အကျိုးအမြတ်တွေကို မသိရသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ ရဲတခွန် စီမံကိန်းဆိုတာက တနင်္သာရီတိုင်းမှာရှိတဲ့ စီမံကိန်း ဒီ စီမံကိန်းမှာ လက်တွေ့အားဖြင့် ဝင်ငွေတွေရနေပြီ။ ထိုင်းနိုင်ငံကို ရောင်းစားလို့ရနေပြီဆိုပေမယ့် ဒေသတွင်းမှာ တိုးတက်မှုတစုံတရာ မတွေ့ခဲ့ရဘူးဆိုတဲ့ ဒီအချက်ကိုထောက်ပြပြီးတော့ ဦးဝင်းအောင်တို့က ရခိုင်ပြည်မှာ ရွှေသဘာဝဓါတ်ငွေ့တွေ ထွက်လာပြီဆိုရင်တောင်မှပဲ ရခိုင်ပြည်ထဲက ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုတဲ့သဘောပေါ့။ ဒါပေမဲ့လည်း အခြေအနေက နည်းနည်းပြောင်းလာပြီ မဟုတ်ဘူးလား။ အထူးသဖြင့် အခု မြန်မာနိုင်ငံရေးအခြေအနေအရ ပါလီမန်လွှတ်တော်အဖွဲ့အစည်းတွေ ရှိနေပြီ။ ရှိနေတဲ့အခါကြတော့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည် လွှတ်တော်အဖွဲ့အစည်းတွေ ရှိနေပြီ။ ဒီအဖွဲ့အစည်းတွေက ဒေသတွင်း တိုးတက်မှုတွေအတွက် တစုံတရာ ထိထိရောက်ရောက် တိုက်တွန်းလာနိုင်တာတွေ၊ လုပ်လာနိုင်တာတွေ မရှိနိုင်ဘူးလား။

ဦးဝင်းအောင် ။ ။ ကျနော်တို့အနေနဲ့ အခုလိုမျိုး ပါလီမန်ဒီမိုကရေစီအစိုးရကို ကြိုဆိုပါတယ်။ နောက်တခုက ရခိုင်ဆိုရင်လည်း ရခိုင်တိုင်းရင်းသားပါတီတွေအနေနဲ့ တချို့ ဟာမျိုးတွေကြတော့ ဝေဖန်တာမျိုးတွေရှိတယ်။ ထောက်ပြတာတွေရှိတယ်။ ဒါပေမဲ့ အဲဒီဟာတွေက ပိုပြီးတော့ လက်တွေ့ကျတဲ့ အာမခံချက်တွေကို တောင်းဆိုတဲ့အနေအထားမှာတော့ အင်မတန် အလှမ်းဝေးနေသေးတယ်လို့ ကျနော်မြင်တယ်။ နောက်တခုက အခုလက်ရှိ အခြေခံဥပေဒအရလည်း article (၃၇) မှာ တိုင်းပြည်ကထွက်ရှိတဲ့ သံယံဇာတ မြေပေါ်ရေအောက် အကုန်လုံးကို ဗဟိုအစိုးရပဲ ချုပ်ကိုင်ထားတယ်ဆိုတော့ အဲဒီဟာတွေက အင်မတန်ကို အလှမ်းဝေးနေသေးတယ်လို့ ပြောရလိမ့်မယ်။ ရခိုင်ပြည်ကထွက်တဲ့ သံယံဇာတ၊ အထူးသဖြင့် သဘာဝဓါတ်ငွေ့တွေဆိုရင် အင်မတန်ကို တန်းဖိုးလည်းကြီးတယ်။ ငွေရေးကြေးရေးအရ။ ဒေသတွင်းမှာသုံးမယ်ဆိုရင်လည်း နှစ်ပေါင်းရာနဲ့ချီ သုံးလို့ရတယ်။ ရခိုင်ပြည်လူထုဟာဆိုရင်လည်း မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး လျှပ်စစ်စွမ်းအားမရှိဘဲ နေလာခဲ့တဲ့လူတွေထဲမှာပါတယ်။ အဲဒီ လူမျိုးတွေအနေနဲ့ ကိုယ်တို့ဆီကထွက်တဲ့ သံယံဇာတတွေကို ကိုယ်တို့တိုင်းပြည်၊ ပြည်နယ်မှာ သုံးခွင့်မရတာက အင်မတန် စော်ကားခံရတဲ့အနေအထားတခုလို့ ပြောပြချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောက ပြည်ထောင်စုလွှတ်တော်မှာ တက်နေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ တက်နေတဲ့ ရခိုင်ကိုယ်စားလှယ်တွေကို တိုက်တွန်းပေးလို့ရမယ်ဆိုလို့ရှိရင် တိတိကျကျ ဘာတွေတိုက်တွန်းပေးစေချင်လဲ။ အထူးသဖြင့် ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်လို့။

ဦးဝင်းအောင် ။ ။ အထူးသဖြင့်တော့ ရခိုင်တိုးတက်ရေးပါတီအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနဲ့ ဒီ စီမံကိန်းအခြေအနေအကုန်လုံးကို အောက်ခြေကနေအဆုံးအထိ အတိုင်းအတာတခု အသိပေးသင့်တယ်လို့ ကျနော်မြင်တယ်။ ဥပမာအားဖြင့် ဒီ စီမံကိန်းကြီးက ဘယ်ဟာတွေပါမယ်။ ဘယ်လို စီမံကိန်းနဲ့ ပတ်သက်ပြီး အဆောက်အဦးတွေပါမယ်။ နောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ၊ လူနေမှု့ဆိုင်ရာ ထိခိုက်မှုတွေ ဘာတွေရှိလာမယ်။ ဒေသခံတွေရဲ့  ဓလေ့ထုံစံ အပါအဝင် ကျနော်တို့ရဲ့  အလေ့အထတွေကို သူတို့အနေနဲ့ အာမခံချက်တွေ ပေးနိုင်မယ်။ အဲဒီဟာတွေကအစ အကုန်လုံး သိသင့်တယ်လို့ မြင်တယ်။ နောက်တခု အရေးကြီးတာက ဒီ စီမံကိန်းရဲ့  အကုန်လုံးစပြီး လုပ်ကတည်းက contract လုပ်တဲ့အခါမှာ စာချုပ်ချုပ်တဲ့အခါမှာ တန်းဖိုး၊ ဒီ စီမံကိန်းက နှစ်စဉ်ရလာမယ့် ဝင်ငွေတွေကအစ အကုန်လုံးသိသင့်တယ်လို့ မြင်တယ်။ အဲဒီ စီမံကိန်းတခုလုံးရဲ့  အခြေအနေတွေကို မသိသေးသ၍တော့ ဟိုတစဒီတစ ကျနော်တို့အနေနဲ့ ထောက်ပြနေသ၍တော့ ကျနော်တို့ လိုအပ်တဲ့ လိုလားတဲ့ အတိုင်းအတာတခု ရမယ်လို့ မထင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်ဆိုလို့ရှိရင်လည်း သဘာဝဓါတ်ငွေ့တွေက လာမယ့်နှစ်အတွင်းမှာ ထွက်လာမယ့် အနေအထားမျိုးတွေ ရှိနေပြီ။ ရှိနေပြီဆိုတော့ စီမံကိန်းကလည်း အတော်ခရီးရောက်နေပြီ။ ခရီးရောက်နေသမျှ စီမံကိန်း လက်ရှိအခြေအနေအထိ ဒေသအတွင်းမှာ ဘာတွေများ ပျက်စီးမှုတွေ မြင်ခဲ့ရသလဲ။ ဘာတွေများ ထိခိုက်မှုတွေ မြင်ခဲ့ရသလဲ။

ဦးဝင်းအောင် ။ ။ ဒီ စီမံကိန်းက ဘယ်လိုဆိုမလဲ။ ကျနော်တို့ အများဆုံးဖြစ်တာကတော့ လယ်ယာမြေ သိမ်းပိုက်ခံရမှု။ လူတွေက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားခဲ့တယ်။ သူတို့အနေနဲ့ သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေတွေအပေါ်မှာ နောက်တချိန်မှာ သူတို့အနေနဲ့ သာမန် အလုပ်သမားအနေနဲ့ လာလုပ်ရမယ့်အနေအထားတခုကို ရောက်နေတယ်။ နောက်တခုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုဆိုရင်လည်း ရခိုင်ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ကိုဖြတ်ပြီး တောက်လျှောက်ကြီး တောတောင်တွေကို ဖြတ်ပြီးတော့ သူတို့အနေနဲ့ ခုတ်ချင်တာခုတ်၊ ဖြတ်ချင်တာကိုဖြတ် သဘာဝပိုက်လိုင်း တရုတ်ပြည်ကိုသွားမယ့် ပိုက်လိုင်တလျှောက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေက မရှိတဲ့အနေအထားမှာ အဲဒီဟာတွေက ကျနော်တို့အနေနဲ့ ဘာမှသိရတာလည်း မရှိဘူး။ နောက်တခုက ပြီးခဲ့တဲ့ နှစ်ကတည်းက လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတယ်ဟာတွေဆိုရင်လည်း အစိုးရရဲ့  စီမံကိန်းက တရုတ်အစိုးရ၊ မြန်မာအစိုးရအနေနဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ အင်မတန် မဟာဗျူဟာမြောက်တဲ့ စီးပွားရေးတခုလို့ ပြောလို့ရတယ်။ အစိုးရအနေနဲ့ ဒီလို စီမံကိန်းတွေကို သူတို့အနေနဲ့ အကာအကွယ်လုပ်ဖို့အတွက် ပြီးခဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရှမ်းပြည်နယ်မှာဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကချင်လက်နက်ကိုင်တွေနဲ့ ဖြစ်တာက သိသာထင်ရှားတယ်။ ဒီလိုမျိုး အရင်းအမြစ်တွေကို ရောင်းချပြီးတော့ သူတို့အနေနဲ့ အကာအကွယ်ယူတဲ့အနေအထားမှာ ဒေသခံတွေနဲ့ အစိုးရတပ်တွေ ဖြစ်တယ့်ဟာတွေက သိသာထင်ရှားတယ်လို့ ပြောလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စီမံကိန်းကနေ နောက်ပိုင်းမှာရလာနိုင်တဲ့ နှစ်စဉ်ဝင်ငွေ ဘယ်လောက်အထိ ခန့်မှန်းထားသလဲ။ အဲဒီတော့ ဒီလို နှစ်စဉ်ဝင်ငွေအပြင် အထူးသဖြင့် ရခိုင်ပြည်နယ်အနေနဲ့ ဘယ်လောက်အထိ အချိုးအစား ခံစားပိုင်ခွင့်ရှိတယ်လို့ ယူဆသလဲ။

ဦးဝင်းအောင် ။ ။ လောလောဆယ် စီမံကိန်းရဲ့  တန်းဖိုးကတော့ လောလောဆယ် တရုတ်နဲ့ချုပ်ထားတဲ့ စာချုပ်အရဆိုရင် နှစ်ပေါင်း (၂၅) နှစ်ကနေ နှစ်ပေါင်း (၃၀) အတွင်း။ လောလောဆယ် အစိုးရအနေနဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၉ သန်း ရရှိမှာဖြစ်တယ်။ အဲဒီဟာတွေက ထဲထဲဝင်ဝင်ကြီးကို ဒေသခံပြည်သူတွေအတွက်ဖြစ်ဖြစ်၊ ရခိုင်ပြည်သူတွေအတွက်ဖြစ်ဖြစ် ခွဲတမ်းချပေးတာ လုံးဝမတွေ့ရသေးဘူး။ အဲဒီ ဝင်ငွေတွေအပါအဝင် နောက်တခုက ကိုယ်တို့ဆီကထွက်တဲ့ သဘာဝဓါတ်ငွေ့ ခံစားပိုင်ခွင့်ဆိုရင်လည်း ဘာမှ အာမခံချက်မျိုးတွေ ပေးထားတာမျိုးတွေ ကျနော်တို့ မသိရသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဥပမာအားဖြင့် ဓါတ်ငွေ့တွေ ထွက်လာပြီဆိုလို့ရှိရင် တဖတ်ကလည်း ပိုက်သွယ်တန်းပြီးတော့ တရုတ်ပြည်ဖက်ကို ရောင်းတာတမျိုး။ ဒေသအတွင်းမှာ လျှပ်စစ်စွမ်းအားတို့ ဘာတို့အတွက် သုံးတာမျိုး စီမံကိန်းမျိုး မကြားမိဘူးလား၊ မရှိဘူးလား။

ဦးဝင်းအောင် ။ ။ အခုလောလောဆယ်တော့ စီမံကိန်းတွေ အကောင်အထည်ဖော်လာတာ နှစ်ပေါင်း တဆယ်နီးပါးလောက် ရှိလာပြီလို့ ပြောလို့ရတယ်။ ကျော်လည်းကျော်လာပြီ။ ဒေသဖွံ့ဖြိုးရေးအတွက် ကိုင်ပြီးတော့ မျှမျှတတကြီး ပြလို့ရအောင်ဆိုတဲ့ဟာမျိုးက လောလောဆယ်တော့ မတွေ့ရသေးဘူး။ ရေရှည်မှာဆိုရင် ဒီထက်ပိုပြီး အခြေအနေဆိုးမယ်။ အခြေအနေဆိုးမယ်ဆိုတာက လောလောဆယ် သူတို့လုပ်နေတဲ့ အနေအထားမှာ မတွေ့ရသေးဘူးဆိုရင် ဒီထက် အကျိုးမြတ်ရတဲ့ အနေအထားမှာ ကျနော်တို့အတွက် ပိုပြီးအလှမ်းဝေးနေမယ်လို့ ကျနော်အနေနဲ့ ထင်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဦးဝင်းအောင် တို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုရဲ့  ရလဒ်အနေနဲ့။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ အနောက်နိုင်ငံတို့၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲ။

ဦးဝင်းအောင် ။ ။ သူတို့အနေနဲ့တော့ ဒီအခြေအနေ၊ အနေအထားတခုမှာ သူတို့ရဲ့  အကောင်းဆုံး စံချိန်စံနှုန်းတွေနဲ့ လိုက်ပြီးတော့ လုပ်လာနိုင်တဲ့အနေအထားတခုကို ကျနော်တို့အနေနဲ့ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဒီထက် ပိုပြီးထဲထဲဝင်ဝင် လေ့လာစမ်းစစ်ပြီးတော့ ဒေသခံတွေအပါအဝင် တိုင်ပင်ဆွေးနွေးမှုတွေကို အလေးပေးလုပ်သင့်တယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်။ လုပ်တဲ့နေရာတွေမှာလည်း သာမန်သူတို့နဲ့ လုပ်ကိုင်နေတဲ့ စစ်တပ်ကျောထောက်နောက်ခံ လူတစုနဲ့ ဆိုတာထက် ဒီ စီမံကိန်းမှာပါဝင်နိုင်တဲ့ တခြား ဒေသခံပြည်သူလူထုတွေ အကုန်လုံးနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လေ့လာစမ်းစစ်တာတွေ။ ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ စံချိန်စံနှုန်းတွေကို ထားပြီးတော့ လုပ်တဲ့အနေအထားတခုကို ကျနော်တို့အနေနဲ့ လိုချင်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ Shwe Gas Movement လို့ခေါ်တဲ့ ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့  တာဝန်ခံတဦးဖြစ်သူ ဦးဝင်းအောင် ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

voanews

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ
ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃ လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်းမပြည့်သေးခင် တစ်လအလိုမှာ ကန်ထရိုက် ယူလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီကနေ မြန်မာအလုပ်သမား ထက်ဝက်ခန့်ကို မနေ့ကစပြီး အလုပ်ဖြုတ်လိုက်တဲ့ အတွက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၅၀ နီးပါးက နစ်နာကြေး ရရှိဖို့ ဒီကနေ့ မနက် ၇ နာရီမှာ ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက် ပေးနေတဲ့ ဦးခင်စိုး က အာအက်ဖ်အေ ကို ပြောပါတယ်။ “PTTEPI ကုမ္ပဏီ ကနေပြီးတော့ CPP တရုတ်ကုမ္ပဏီကို ကန်ထရိုက်ပေးထားတယ်၊ အဲ့ဒီ CPP တရုတ်ကုမ္ပဏီ ကနေပြီးတော့ အလုပ်သမားတွေကို အမှန်ဆိုရင် ၅ လပိုင်း ကုန်တော့မှ အလုပ်သိမ်းမှာ၊ အလုပ်သမားတွေ ကြိုပြီးလည်း မပြောဘဲနဲ့ သူတို့ စာချုပ်သက်တမ်း မကုန်ခင်မှာ သူတို့ နစ်နာကြေးလည်းမရဘဲနဲ့ ရုတ်တရက်ကြီး အလုပ်ဖြုတ်ခံရတယ်ဆိုတော့ မကျေနပ်လို့ ဒီမနက် အဲ့ဒီ ကုမ္ပဏီရှေ့မှာ ဆန္ဒပြမှုဖြစ်တာ။” ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း လုပ်ကိုင်နေတဲ့ ဒီကုမ္ပဏီမှာ တရုတ်နိုင်ငံသား အလုပ်သမား ၂၀၀ ခန့်နဲ့ မြန်မာအလုပ်သမား ၁၃၀ ကျော် လုပ်ကိုင်နေကြတဲ့ထဲက မြန်မာအလုပ်သမား ၇၈ ဦးကို အလုပ်ဖြုတ်လိုက်တာလို့ ဆိုပါတယ်။ မကြာခင် မိုးရာသီရောက်မှာ ဖြစ်တဲ့အတွက် စီမံကိန်း ခေတ္တ ရပ်နားထားပြီး လာမည့်နှစ် နွေရာသီ လုပ်ငန်းပြန်လည် စတင်ချိန်မှ ဒီအလုပ်သမားတွေကို ပြန်ခေါ်ယူ လုပ်ကိုင်မယ်လို့ ကုမ္ပဏီက အကြောင်းပြ ပြောဆိုပြီး အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်လို့ ဦးခင်စိုးက ပြောပါတယ်။ ဆန္ဒပြပြီး မနက် ၁၀ နာရီခန့်မှာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းက အရာရှိတွေ ရောက်လာပြီး ညှိနှိုင်းပေးလို့ ဆန္ဒပြမှု ရပ်လိုက်ပေမယ့် ဒီကနေ့ ညနေအထိ ကုမ္ပဏီက တုန့်ပြန်လာတာ မရှိဘဲ ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။ “ကျနော်တို့ဆီမှာက ထားဝယ်မြို့နဲ့ တိုင်းရုံးနဲ့ အလှမ်းဝေးတယ် ဆိုတော့ ဒီမှာက အလုပ်သမားရေးရာတွေ ဘာတွေက ဖြေရှင်းမည့်လူတော့ မရှိဘူးအကို။ ဒါပေမယ့် မြန်မာ့ရေနံ သဘာဝဓါတ်ငွေ့က အရာရှိတွေနဲ့ ကုမ္ပဏီနဲ့ ကြားပြောပြီးတော့ အခုတော့ နောက် ဖြေရှင်းပေးပါ့မယ်။ ဘာညာတွေ ပြောတာပေါ့၊ ရဲစခန်းမှူးတွေ ဘာတွေလည်း သူတို့ ရောက်လာပြီးတော့ ဆူဆူပူပူ ဖြစ်မှာစိုးလို့ ဆန္ဒပြနေတဲ့လူတွေကို သူတို့က နည်းနည်း ငြိမ်ငြိမ်သက်သက်နဲ့ ဆွေးနွေးကြဖို့ကိုပဲ လာညှိနှိုင်းပေးသွားတာပဲ ရှိတယ်။ နောက်ဆုံး အခြေအနေကတော့ အလုပ်သမားတွေ ဘာမှလည်း မသိရသေးဘူး၊” ဒီဓါတ်ငွေ့ပိုက်လိုင်းဟာ မြန်မာ့ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်းနဲ့ PTTEP တို့ ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို သွယ်တန်းမည့် ဓါတ်ငွေ့ပိုက်လိုင်း ဖြစ်ပါတယ်။

လွတ်လပ်တဲ့အရှအသံ

မလေးရှားတွင် ရွှေဂက်(စ်) စီမံကိန်း ရပ်တန့်ရေး တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆို
မလေးရှားတွင် ရွှေဂက်(စ်) စီမံကိန်း ရပ်တန့်ရေး တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် လုပ်ဆောင်နေသော ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရေး အတွက် တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှု တစ်ခုကို ယနေ့ (ဧပြီလ ၂၆ ရက်) နေ့တွင် မလေးရှား နိုင်ငံတွင် ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲသို့ ရခိုင်အမျိုးသား ၃၅၀ ခန့်က ပူးပေါင်း ပါဝင်ခဲ့ကြပြီး ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ကွာလာလမ်ပူရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

” အခုလက်ရှိ ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ လယ်မြေ သိမ်း ပိုက်ခံရတာ၊ ရပ်ရွာတွေ ပြောင်းရွေ့ခံရတာ၊ ဒေသခံပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ၊ သဘာဝသစ်တောတွေ ပြုန်းတီးရတာ၊ ရခိုင်ပြည်ရှိ သန္တာကျောက်တန်းတွေကို ဖောက်ခွဲတာ၊ ဖြစ်ပျက်နေတာတွေ အများကြီးဘဲ။ ဒီလို ဖြစ်ပျက်နေတာတွေကို လက်ပိုက် မကြည့်နိုင်တဲ့ အတွက် ခုလို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ဦးဆောင်သူများထဲမှ တစ်ဦး ဖြစ်သူ ကိုသာထွန်းအောင်က ပြောသည်။

ကိုသာထွန်းအောင်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်- ပြည်ပ (မလေးရှားဌာနခွဲ) မှ ဥက္ကဌလည်း ဖြစ်သည်။ သူက ရွှေဂတ်စ် စီမံကိန်းကြောင့် ပြည်သူများ နစ်နာနေရပုံကိုလည်း ယခုကဲ့သို့ နိရဉ္စရာသို့  ဆက်ပြောသည်။

” မိဘတွေမှာ လယ်တွေ မရှိတော့တဲ့ အတွက် အလုပ် လက်မဲ့ ဖြစ်သွားကြတယ်။ ဒီတော့ ကလေးတွေ စာမသင်နိုင်ဘဲ ဖြစ်သွားကြတယ်။ ဒေသခံ မိခလေးတွေ အများအပြားလည်း ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေနဲ့ စီမံကိန်းက လူတွေဆီမှာ လိင် ပိုင်းဆိုင်ရာနဲ့ ပက်သက်လို့ စော်ကားခံနေရတယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို ကျွန်တော်တို့က အလိုမရှိဘူး။ အမြန်ဆုံးရပ်တန့်ဖို့ လိုလားပါတယ်။”

ဆန္ဒပြပွဲကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( မလေးရှား ဌာနခွဲ)၊ ရခိုင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မီတီ (ARRC)၊ မလေးရှား ရခိုင်အဖွဲ့ အစည်း(MAO)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- မ လေးဌာနခွဲ)တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သော ကျောင်းဆရာမ တဦးကလည်း သူမ၏ ဆန္ဒကို ယခုလို ပြောသည်။

” သမီးတို့ ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ကို ရခိုင်ပြည်သူတွေ တစ်ခုမှ သုံးစွဲပိုင်ခွင့် မရဘူး။ လယ်မြေ တွေဆုံးရှုံ ခံနေရတယ်။ မိန်းခလေးတွေလည်း အတင်းဓမ္မ လိင်ပိုင်းဆိုင်ရာ ပြုကျင့်တာကို ခံနေရတယ်။ ဒီစီမံကိန်းက ရတဲ့ တစ်ချို့ တစ်ဝက်ကိုတောင်မှ သမီးတို့ ရခိုင်ပြည်သူတွေ သုံးစွဲခွင့် မရဘူး။ ဒီထဲက အကျိုးအမြတ်ကို ရချင်တယ်။ ပြည်သူတွေ အကျိုးခံစားခွင့် ရချင်တယ်။ အေးဒါ ကြောင့် သမီးတို့ သူတို့ လုပ်ရပ်တွေကြည့်ပြီး ၀မ်းနည်းရတယ်။ ဒါတွေ မရတဲ့ အတွက် သမီးတို့ ဆန္ဒပြဖို့လာရတာ ဖြစ်ပါ တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင် ရခြင်းနှင့် ပတ်သက်ပြီး သူမက ပြောကြားသည်။

ရွှေဂတ်စ်စီမံကိန်း လုံးဝရပ်တန့်ပေးရေး အတွက် လက်မှတ် ရေးထိုး တောင်းဆိုထားသည့် စာတစောင်ကိုလည်း မြန်မာ သံရုံး ကမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (မလေး ဌာနခွဲ) ကော်မတီဝင် ကိုခိုင်စောရဲသူမှလည်း နိရဉ္စရာသို့  ပြောသည်။

” ကျွန်တော်တို့ ရခိုင်ပြည်မှာ ကိုရီးယားနိုင်ငံက KMDC ကုမ္ပဏီနဲ့  စင်ကာပူနိုင်ငံ Brilliant Oil Corporation Pte တို့ ပူးပေါင်းပြီး လုပ်နေတယ်။ တရုတ်နိုင်ငံ CNPC ကုမ္ပဏီနဲ့ အိန္ဒိယမှ ESSAR ကုမ္ပဏီတို့က ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေ လုပ်နေတယ်။ အဲဒါတွေကို လုံးလုံး ရပ်တန့်ပေးဖို့ တောင်းဆို ဆန္ဒပြ တယ်။ နောက်ပြီးတော့ တရုတ်သံအမက်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပြီး ဒီစီမံကိန်းကို လုံးဝ (လုံးဝ) ရပ်တန့် ပေးဖို့ တောင်းဆိုထားတဲ့ ပြည်သူ လက်မှတ်ပေါင်း ၁၀၀၀ ကျော် ပါဝင်တဲ့ စာတစ်စောင်ကိုလည်း မြန်မာ သံရုံး ကနေတဆင့် သမ္မတ ဦးသိန်စိန်ဆီကို ပေးပို့ သွားမှာ ဖြစ်ပါတယ်။”

ဆန္ဒပြပွဲတွင် “Our Gas” “Our Future” “Stop Shaw Gas” “Stop Pipelines” တီရှပ် အကျီ်များကို ဆင်တူ ၀တ်ဆင်ထားကာ Stop the Shwe Gas Project, Get out Daewoo and CNPC Companies စသော ဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မလေးရှားနိုင်ငံတွင် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရန် အတွက် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက တစ်ကြိမ်နှင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ယခု ဆန္ဒပြတောင်းဆိုမှုကို မလေးရှား စံတော်ချိန် နံနက် ၁၁ နာရီမှ စတင်ပြီး ၁၁ နာရီခွဲအချိန်တွင် အောင်မြင် စွာ ပြီးဆုံးခဲ့သည်။

နိရဉ္စရာမှ

နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါဝင်
နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါဝင်

ဧပြီလ ၁၇ ရက်နေ့က ရခိုင် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရေး အတွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော လူပ်ရှားမူ အတွင်း ဒေသခံ ပြည်သူများ ရာချီ၍ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့သည်။

ရက္ခအလင်းတန်း အဖွဲ့မှ ဦးဆောင် ပြုလုပ်သော တီရှပ် အကျီင်္များ ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ရာတွင် ထိုသို့ ပြည်သူများ ပူးပေါင်း ပါဝင်လူပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း ပါဝင်လူပ်ရှားခဲ့သူ ကိုစိုးမြကျော်က ပြောသည်။

” ကျွန်တော်တို့က မိမိ အသိစိတ်ဓါတ်နဲ့ ပူးပေါင်း ပါဝင် လူပ်ရှားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေ အကျိုး တစ်စုံတစ်ရာ မခံစားရတဲ့ ဒီစီမံကိန်းကို ကျွန်တော်တို့ အလိုမရှိဘူး။ ဒါကြောင့် ကန့်ကွက်ဖို့ လိုအပ်တယ်လို့ ထင်မြင်တဲ့ အတွက် ပူးပေါင်း ပါဝင် ကန့်ကွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေသခံ လူငယ် အများအပြားသည် ” Our gas, Our Future” ဟု စာတန်းပါ တီရှပ် အကျီင်္များကို ဆင်တူ ၀တ်ဆင်ပြီး သံချပ်များထိုး၍ စစ်တွေမြို့ အနှံ့ လျှောက်လည်ကာ လူပ်ရှားခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

” ကျွန်တော်တို့က တစ်မြို့လုံးကို အင်္ကျီတွေကို ဆင်တူ ၀တ်ဆင်ပြီး ရက္ခပူရ မြင်ကွင်း သံချပ်တွေထိုးကာ လျှောက်လည်ကြပါတယ်။ အစိုးရရုံးတွေရှေ့ကိုလည်း ရောက်ပါတယ်။ အရေးကြီးပြီး လူစည်ကားတဲ့ နေရာတိုင်းကို သွားကြပါတယ်။ ဟန့်တား နှောင့်ယှက်မူတွေလည်း မခံရပါဘူး။ အစိုးရက အရင်ထက် စာရင် သဘောကောင်းလာပါတယ်” ဟု သူက ပြောသည်။

နှစ်ဆန်း တရက်နေ့တွင် ရွှေဂတ်စ် ရပ်တန့်ရေး လူပ်ရှားမူ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရက္ခ အလင်းတန်း တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဒေါ်မာမာကျော်ဇော က ယခုလို နိရဉ္စရာသို့ ပြောသည်။

” သာမန်နေ့တွေမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် ကျွန်မတို့ တော်တော် များများ လူပ်ရှားမူတွေ ပြုလုပ်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲသလို နေ့တွေမှာ လုပ်ရင် ဟန့်တားတာတို့၊ နှောင့်ယှက်တာတို့ ရှိတဲ့ အတွက် သင်္ကြန်ကာလ နှစ်ဆန်း တစ်ရက်နေ့ကို ရွှေးပြီး စစ်တွေမှာ ပြုလုပ် တာ ဖြစ်ပါတယ်။ ခုလူပ်ရှားမူမှာ ဘာမှ နှောင့်ယှက်တာ၊ တားဆီးတာတွေ မရှိပါဘူး” ဟု ပြောသည်။

ရက္ခအလင်းတန်း အနေဖြင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် အစိုးရအား တောင်းဆို ဆန္ဒပြမူများ နေရာ အများအပြားတွင် အကြိမ်ကြိမ် ပြုလုပ် လာခဲ့ပြီ ဖြစ်သော်လည်း အစိုးရ တာဝန်ရှိသူများမှ အပြုသဘော တုန့်ပြန်မူများကို ယခုအချိန်ထိ ရရှိခြင်း မရှိသေးသဖြင့် သူတို့အနေနှင့် ဆက်လက် တွန်းအားမြှင့် လုပ်ဆောင်သွားမည်ဟု သူမက ဆက်ပြောသည်။

” အခု အခြေအနေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ရခိုင်ပြည်နယ် အတွင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်တာတို့၊ တောင်းဆိုတာတို့ ပြုလုပ်နေပါတယ်။ ကျွန်မတို့ကလည်း တောင်းဆို လူပ်ရှားနေပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှ ထူးခြား ပြောင်းလဲမူ ရှိမလာသေးပါဘူး။ လူတွေက ကျွန်မတို့ လူပ်ရှားမူ ပြုလုပ်တာတွေကိုဘဲ မြင်နေကြတယ်။ အစိုးရဘက်က ဘာမှ လုပ်မပေးတာကျတော့ မမြင်ကြဘဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

ရက္ခအလင်းတန်း အဖွဲ့သည် ယခုနှစ် သင်္ကြန်တွင် ရက္ခပူရ မြင်ကွင်း ရခိုင်သင်္ကြန် သံချပ်ခွေ တစ်ခုကိုလည်း ဖြန့်ချီခဲ့ပြီး ရခိုင်ပြည်သူများ၏ ကြုံတွေ့နေရသော ဒုက္ခ အ၀၀ကို သံချပ်မှ တဆင့် ပြည်သူများသို့ တင်ပြခဲ့သည်ဟု သူမက ပြောသည်။

ရက္ခအလင်းတန်း အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ကလည်း မောင်တောမြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရန် လူပ်ရှားမူ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

နိရဉ္စရာမှ

ဘုရားဂေါပကအတွင်းရေးမှူး ဂက်စ်ပိုက်လိုင်းလျော် ကြေးငွေ အလွဲသုံးစားလုပ်
ဘုရားဂေါပကအတွင်းရေးမှူး ဂက်စ်ပိုက်လိုင်းလျော် ကြေးငွေ အလွဲသုံးစားလုပ်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၏ ဖခင်ဖြစ်သူ ဘုရားဂေါပက အတွင်း ရေးမှူး ဦးစိန်ဝင်းသည် တရုတ် – မြန်မာ ရေနံနှင့်ဂက်စ်ပိုက်လိုင်း လျော်ကြေးငွေ ၂၉ သိန်းကို တာဝန်ခံ ထုတ်ယူခဲ့ပြီး ဂေါ ပကအဖွဲ့သို့ ယနေ့အထိ အပ်နှံခြင်း မရှိကြောင်း သိရသည် ။

မိုင်းဝီးရွာ ဥတ္တရရာမ ဘုန်းကြီးကျောင်းနှင့် ကမ္မဋာန်းကျောင်း အကြား မြေဧရိယာအတွင်း ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့် အတွက် လျော်ကြေးငွေ အဖြစ် မတ်လ ၂၂ ရက်နေ့က အာဏာပိုင်များက ကျပ်ငွေ ၂၉ သိန်း ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

“စွမ်းအင်ဦးစီးမှူး ဦးမျိုးညွန့်အောင်တို့ အဖွဲ့က လျော်ကြေးငွေ ပေးတာ ဂေါပက အတွင်းရေးမှူး ဦးစိန်ဝင်းက တာဝန်ခံ ထုတ်ယူတယ်။ သားဖြစ်သူ အုပ်ချုပ်ရေးမှူးရဲ့ အရှိန်အဝါ သုံးပြီး အဲဒီငွေတွေကို အလွဲသုံးစား လုပ်နေတယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အဲဒီငွေတွေကို ဒီကနေ့အထိ ဘုရား ဂေါပက အဖွဲ့တွေကို မအပ်နှံသေးဘူး။ အဲဒီငွေတွေနဲ့ပတ်သက်ပြီးတော့လဲ ဘာမှ မရှင်းပြဘူး  ” ဟု သူက ဆိုသည် ။

ဘုရားဂေါပက အဖွဲ့ဝင်များမှ အဆိုပါငွေကိစ္စကို ဦးစိန်ဝင်းအား ပြောကြားရာတွင်လည်း မသိကျိုးကျွံပြုနေသဖြင့် ရွာသူရွာသား များနှင့် ဂေါပက အဖွဲ့ဝင်များက မကျေမနပ်ဖြစ်နေကြောင်း သိရသည် ။

ရှမ်းသံတော်ဆင့်

မလေးရှာတွင် ရွှေဂက်(စ်) စီမံကိန်းကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုမည်
မလေးရှာတွင် ရွှေဂက်(စ်) စီမံကိန်းကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုမည်

ခိုင်မောင်ဦး (မလေး)

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် လုပ်ဆောင်နေ သော ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရန် အတွက် မလေးရှားနှိုင်ငံရှိ ရခိုင် အဖွဲ့ အစည်း ပေါင်းစုံမှ ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆန္ဒပြ တောင်းဆိုပွဲကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလာမ်ပူရှိ တရုတ်သံရုံးရှေ့တွင် ဧပြီ (၂၆) ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရွှေဂတ်စ် လှုပ် ရှားမူ ကော်မတီ ၀င် ကိုသာထွန်းအောင်က ပြောသည်။

” ကျနော်တို့က ဒီလ ၂၆ ရက်နေ့ နံနက်မှာ စတင်မှာ ဖြစ်တယ်။ ရွှေသဘာဝ စီမံကိန်းမှ ထွက်ရှိ လာမယ့် အကျိုးအမြတ်တွေဟာ ဒေသခံ ရခိုင် ပြည်သူတွေ အတွက်ရော၊ မြန်မာပြည်သူတွေ အတွက်ပါ တစ်စုံတစ်ရာ အကျိုး ခံစားခွင့်မရှိတဲ့ အပြင် ဆုံးရှုံးမူတွေနဲ့သာ ကြုံတွေ့နေရတဲ့ အတွက် သမ္မတ ဦးသိန်းစိန်အစိုးရ အနေ့ နဲ့  ဒီစီမံကိန်းကို လုံးဝရပ်တန့် ရေး အတွက် တောင်းဆိုမယ်။ နောက်ပြီး သမ္မတ ဦးသိန်းစိန်ဆီကို အဖွဲ့ အစည်းပေါင်း ၁၀၀ နဲ့  လူပေါင်း တစ်ထောင်က လက်မှတ် ထိုးပြီး တောင်းဆိုထားတဲ့ စာကိုလည်း ဆန္ဒပြတဲ့နေ့ မှာဘဲ ပေးပို့သွားဖို့ လည်း စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း စတင်သည့် အချိန်မှ စပြီး ဒေသခံ ပြည်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို အဓမ္မ သိမ်းပိုက်မူများ၊ နေရာ ပြောင်းရွှေ့မူများ၊ ဒေသခံများ အပေါ် ကန့်သတ် ပိတ်ပင်မူများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမူများနှင့်သာ ရင်ဆိုင်နေရကြောင်း သူက ပြောသည်။ သို့အတွက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရေး အတွက် သူတို့ အနေဖြင့် ကြိုးစား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ကိုသာထွန်းအောင်က ဆိုသည်။

” ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ရခိုင် ဒေသအတွင်း ဖြစ်ပျက်နေတဲ့ ဆိုးရွားတဲ့ အခြေ အနေတွေကို လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ မိဖ ဘိုးဘွားလက်ကတည်းက လုပ်ကိုင် စားသောက်လာတဲ့ လယ်ယာမြေတွေကို တန်ရာ တန်ကြေး မရဘဲ ဆုံးရှုံးခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံ ပြည်သူတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြရတယ်။ သူတို့ဆီက အလုပ်ခွင်တွေမှာ အလုပ်ကြမ်း နေ့စား အလုပ်သမားတွေ အဖြစ် ၀င်ရောက် လုပ်ကိုင်နေကြရတယ်။ ဒီစီမံကိန်းဟာ ဒေသခံ ပြည်သူတွေကို အကျိုးမပြုတဲ့ အပြင် ဆိုးကျိုးတွေသာ ဆက်တိုက် ဆက်တိုက် ဖြစ်ပေါ်နေတယ်။ ဒါကြောင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် အဓိက ရည်ရွယ်ပြီး ကျနော်တို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ လုပ်ကွက်များတွင် ကိုရီးယား ဒေ၀ူးသာမက တခြား ကမ်းလွန် ဒေသ ရေတိမ် ရေနက်ပိုင်း လုပ်ကွက်များတွင် Korea Myanmar Development Company (Kmdc) ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ Brilliant Oil Corporation Pte Ltd နှင့် ပူးပေါင်ပြီး လုပ်ကိုင်နေမူများ ရှိနေသလို တရုတ်နိုင်ငံ CNPC ကုမ္ပဏီနှင့် အိန္ဒိယမှ ESSAR ကုမ္ပဏီ တို့ မှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်။

” ရခိုင်မှာ လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အများကြီးပါ။ ဒါပေမယ့် ရခိုင်ပြည်သူတွေရဲ့ ဘ၀က အခုအချိန်ထိ ဆင်းရဲတွင်း နက်နေတုန်းဘဲ။ မွဲပြာကျနေတုန်းပါဘဲ။ ဒါက ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဒေသခံ ရခိုင်ပြည်သူတွေ တစ်စုံတစ်ရာ ခံစားခွင့် မရရှိတဲ့  အတွက် ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဒီစီမံကိန်းတွေကို ရပ်တန့်ဖို့ စဉ်ဆက် မပြတ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ မလေးမှာ ရွှေဂတစ် စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုတာဟာ ဒီတစ်ကြိမ်ဟာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်” ဟု ကိုသာထွန်းအောင်က ဆိုသည်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့အား တရုတ်နိုင်ငံသို့ ရောင်းချ သဖြင့် မြန်မာ အစိုးရသည် နှစ်ပေါင်းသုံးဆယ် အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံကျော် ရရှိမည် ဖြစ်သည်။ ၎င်းပြင် တခြား နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေမူကလည်း အကျိုးအမြတ် မြောက်မြားစွာ ရရှိနေကြောင်း သိရှိရသည်။

နိရဉ္စရာမှ

ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့
ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့

ဧပြီလ ၁၇ ရက်နေ့မှ စတင်ခဲ့သော ကျောက်ဖြူ ကံ့ကော်တော ဘုရားပွဲတော်မှာ အထူး စည်ကားခဲ့သော်လည်း ဘုရားပွဲတော် ကျင်းပရာ ကွင်းပြင်တွင် ရွှေဂတ်စ်စီမံကိန်းမှ ပိုက်လုံးများကို စုပုံထားသဖြင့် ပွဲတော်လာ ဘုရားဖူး ပြည်သူများ အတွက် နားခိုစရာ နေရာများ အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့နယ် နှင့် (၄) မိုင်ခန့်ရှိ ဂုံချိန်ကျေးရွာ အနီး ပေါ်တော်မူ ကံကော်တောဘုရားပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက်မှ စတင် ကျင်းပခဲ့ရာ ပိုက်လုံးများ စုပုံထား၍ နေရာကျဉ်းသွား သဖြင့် လူများမှာ သွားလာ၍ မရအောင် ဘုရားပွဲ ကျင်းပရာ ကွင်းပြင်တွင်ပြည့်ကျပ် သွားခဲ့ကြောင်း ကျောက်ဖြူမြို့မှ လူကြီး တစ်ဦးက ပြောသည်။

“အယင်နှစ်တွေက ဆိုရင် ဘုရာဖူး ပရိတ်သတ်တွေလည်း ဘယ်လောက်များများ နေရာ ကျယ်ကျယ်ဝန်းဝန်း နေထိုင်လို့ ရတယ်။ အခုက ထိုင်စရာ နေရာလဲ သိပ်မရှိဘူး။ ဘုရားပုရ၀ုဏ်နားမှာ သံပိုက်တွေ စုပုံထားတဲ့ အတွက် ဘုရားပွဲ ကျင်းပနေတဲ့ ကွင်းက အရမ်းကျဉ်းသွားတယ်။ ဒီလို နေရာ ကျဉ်းသွားတော့ ဘုရာဖူး ခရီးသည်များ အနေနဲ့ နားခိုမဲ့နေရာ အခက်အခဲရှိခဲ့ကြပါတယ်” ဟု သူက ပြောသည်။

ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရား ကျင်းပရာ ကွင်းပြင်တွင် လူများ တည်းခိုနေထိုင်ရန် အခက်အခဲ ဖြစ်သွားခဲ့ သလို ကံ့တော်ဘုရားသို့ သွားရာလမ်းမှာလည်း စီမံကိန်းမှ ကားများ အသုံးပြုပြီး မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် သွားလာ၍ မရအောင် ပျက်စီးနေကြောင်း သိရသည်။

” ဒီလမ်းဟာ အရင် ကိုယ်ထူကိုယ်ထ ကတ္တရာ ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဘုရားကို သွားတဲ့လမ်းမို့ လူထုက ကိုယ့်အား ကိုယ်ကိုးပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကတ္တရာ ခင်းထားတဲ့ အတွက် ဖုန်လဲမထပါဘူး။ အခုတော့ ဒီလမ်းကို ရွှေဂတ်စ် စီမံကိန်းက ကားကြီးတွေ အသုံးပြုပစ်တဲ့ အတွက် ရစရာ မရှိအောင် ပျက်စီးသွားပါတယ်။ ဒီလမ်းကို ဘုရားပွဲ မတိုင်မှီ ပြန်ပြင်ပေးမယ်ဆိုပြီး နိုင်ငံခြား ကုမ္ပဏီ တာဝန်ခံတွေက ကတိခံထားပေးမယ့် အခုအချိန်ထိ ပြန်မပြင်ပေးတဲ့ အတွက် ဘုရားဖူးလာတဲ့ သူတွေ သွားလာရတာ အထူး ဒုက္ခတွေ့ရသလို ဖုံတွေထတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်ကုန်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကံ့ကော်တော ဘုရားပွဲသို့ မြေပုံ ၊ အမ်းမြို့၊ တောင်ကုတ်၊မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဘုရားဖူး နှစ်သိန်းခွဲခန့်ရောက်ရှိခဲ့ပြီး နားနေစရာ နေရာများ မရှိတော့သဖြင့် တချို့ရပ်ဝေးမှ ဘုရားဖူးများမှာ ကံကော်တော ဘုရားပွဲ မပြီးမှီ အိမ်ပြန်သွားခဲ့ရကြောင်း သိရသည်။

” ကျွန်မတို့က ဘုရားပွဲကို ၁၇ ရက်နေ့ မနက်ကတည်းသွားကြပါတယ်။ ခါတိုင်းနှစ်တွေလို နေရာ အလွတ်တွေ မရှိတော့ဘူး။ ထိုင်စရာ နေရာတောင် မရဘူး။ ဘုရားပွဲမှာလည်း လူတွေ ပြည့်ကျပ်နေပြီး ပုရ၀ုဏ် အတွင်းမှာလည်း လူတွေ မဆန့်တဲ့ အတွက် နေထိုင်ဖို့ အခက်အခဲကြောင့် ကိုယ်အိမ်ကို နောက်တစ်နေ့မှာ ပြန်ခဲ့ကြရပါတယ်။ ပွဲတော်ဆုံးအောင် မနေခဲ့ရပါဘူး” ဟု ကျောက်နီမော်သူ မစန်းစန်းကြည်က ပြောသည်။

အများစု ဘုရားဖူးများမှာ ဒေသတွင် အသုံးများသည့် ထော်လာဂျီများဖြင့် လာရောက်ကြသဖြင့် ပျက်စီးနေသော လမ်းမှ ဖုံထ၍ ဘုရားဖူးလာသူများမှာ ဖုံများဖြင့် ညစ်ပတ်ပေရေခဲ့ကြာင်း သိရသည်။

ကျောက်ဖြူ ကံ့ကော်တော် ဘုရားမှာ ပေါ်တော်မူ ဘုရား ဖြစ်ပြီး ၎င်းဘုရား၏ ထူးခြားချက်မှာ ဘုရား အနီးရှိ တစ်တောင်ပတ်လည်ရှိ ကျောက်ရေကန်ငယ်အတွင်း၌ ရေအနက်မှာ ၂-ပေခန့်သာ ရှိသော်လည်း ဘုရားဖူး ခရီးသည်များ မည်မျှပင် သုံးစွဲကာမူ မကုန်ခမ်းနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းရေကန်ငယ်ကို ဒေသခံများက နတ်ရေကန်ဟု အမည်သမုတ်ခေါ်ဝေါ်ကြကြောင်း သိရသည်။

၎င်းပြင် ဘုရားအနီးရှိ ပိန်ခင်းများမှ ပိန်းဟင်းမှာ တခြားနေရာများသို့ ယူဆောင် စားသုံးသောအခါ ယားယံမှု ရှိသော်လည်း ဘုရားအနီးတွင် ချက်ပြုတ် စားပါကလုံးဝ ယားယံမှုမရှိခြင်းပင် ဖြစ်သည်။ ထိုအချက်သည်လည်း ကံကော်တော ဘုရားအတွက် ထူခြားသော သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် ကံ့ကော်တော ဘုရားပွဲတွင် ရခိုင်ရိုးရာ ကျင်ပွဲကို ထည့်သွင်း ကျင်းပခဲ့ပြီး မြတ်ခိုင်ကျော် ဇာတ်အဖွဲ့မှ ၆ ရက်တိတိ ကပြဖြေဖျော်ခဲ့ကြောင်း သိရသည်။

” ဘုရားပွဲကို ဧပြီ ၁၇-ရက်နေ့ကနေ ၁၉ နေ့ရက်နေ့ထိ ကျင်းပပါတယ်။ ဇာတ်ပွဲကတော့ ဧပြီလ ၁၇ ရက်ကနေ ၂၂ -ရက်နေ့အထိ ကပြဖြေဖျော်မှာ ဖြစ်ပါတယ်” ဟု ဒေသခံ လူကြီးက ပြောသည်။

ယခုကဲ့သို့ ဘုရားပွဲတော်တွင် လာရောက်သူများ ပိုက်လုံးများ စုပုံထားသဖြင့် နားခိုစရာ နေရာ မရှိခြင်၊ ဘုရားသို့ သွားရာ လမ်းမှာလည်း ဖုံထပြီး ပျက်စီးနေခြင်းတို့ကြောင့် ရွှေဂတ်စ်စီမံကိန်း အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာမှ